TOP

“ရှာမှရှားတဲ့နိုင်ငံရေးသမား” နဲ့ နိဂုံးချုပ်မရသေးတဲ့ သမိုင်းပြဿနာတချို့


မောင်ဝံသက သူ့ရဲ့ 'ရှာမှ ရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေး ဆောင်းပါးများ' ဆိုတဲ့ ဆောင်းပါး ပေါင်းချုပ်ကို လက်ဆောင် ပေးခဲ့ပါတယ်။ စာအုပ်တန်ဖိုးက ၄၅ဝဝ ကျပ် ဆိုတော့ ဒီစာအုပ်ကို မဖတ် မဖြစ်၊ ဖတ်မှ ဖြစ်မယ့်သူမျိုးတွေ လောက်ကပဲ ဝယ်ဖတ်နိုင်မလား ထင်မိပါတယ်။

လက်ဆောင် ပေးသူရဲ့ ကျေးဇူးကို ထောက်ထားပြီး မဟာသင်္ကြန် အား ရက်များအတွင်းမှာ ဖတ်ရှု လေ့လာ ဖြစ်ပါတယ်။ အသက် အရွယ်ရဲ့ တောင်းဆိုမှုအရ ဇာတ်လမ်း ဇာတ်ကွက်တွေထက် စာရေးသူရဲ့ အမြင် အယူဆများ၊ သဘောထားများကို အာရုံ စိုက် လေ့လာကြည့်မိပါတယ်။

 စာရေးသူရဲ့ အမှာ,မှာ ၂ဝဝ၇-၂ဝဝ၉ ခုနှစ်တွေ အတွင်း မဂ္ဂဇင်းနဲ့ ဂျာနယ်တချို့မှာ သူ ရေးခဲ့တဲ့ ဆောင်းပါး တွေအနက် နိုင်ငံရေးကို အလေးပေး ရေးသားခဲ့တာတွေကို ရွေးချယ်စုစည်းထားတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒီ ဆောင်းပါးတွေ ရေးဖြစ်ခဲ့တဲ့ သူ့ရည်ရွယ်ချက်က (၁) နိုင်ငံ ရေးသမားကောင်းတွေ ပေါ်ထွက်လာစေဖို့နဲ့ (၂) နိုင်ငံရေး အသိနဲ့ မဲဆန္ဒပေးကြတဲ့ ပြည်သူတွေ တိုးပွားလာစေဖို့ ဖြစ် ပါတယ်လို့ သူ့အမှာစာမှာ ဖော်ပြခဲ့ပါတယ်။ ဒါကတော့ စာရေးသူရဲ့ ကောင်းမြတ်တဲ့ စေတနာဆန္ဒလို့ ဆိုရပါမယ်။ နှစ်ပေါင်း (၁၉၄၈-၂ဝ၁ဝ) ၆၂ နှစ်အတွင်း 'အမောဖြေလို့ မရသေးတဲ့ မြန်မာ့နိုင်ငံရေးဘဝ'အတွက် ဒီအချက် နှစ်ချက် လိုနေတယ်လို့များ ဆရာမောင်ဝံသက ယူဆချင်သလားလို့ စဉ်းစားကြည့်ချင်ပါတယ်။ သူဟာ ၂ဝဝ၇၊ ၂ဝဝ၈၊ ၂ဝဝ၉ ခုနှစ်များအတွင်း သုံးနှစ်တာ ကာလမှာ (ဒီစာအုပ်မှာ) ဆောင်းပါးပုဒ်ရေပေါင်း ၈၄ ပုဒ် ရေးသားခဲ့ပါတယ်။ ပျမ်းမျှ တစ်နှစ်ကို ဆောင်းပါး ၂၈ ပုဒ် ရေးခဲ့တာပါ။ (တခြား အကြောင်းအရာ မတူတဲ့) ဆောင်းပါးတွေလည်း ရှိဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဆရာမောင်ဝံသဟာ စာရေး နိုင်တဲ့သူလို့ ဆိုရတော့မှာပါ။ စာနယ်ဇင်းသမားပီပီ စာစုံစုံ လည်း ရေးနိုင်တဲ့ သူလို့လည်း ဆိုရမှာပါ။ သူ့ဆောင်းပါး ပေါင်းချုပ်မှာ အပိုင်း ၉ ပိုင်း၊ ဆောင်းပါး ၈၄ ပုဒ် ထည့်သွင်း ဖော်ပြထားပါတယ်။

သူ့ဘဝရဲ့ အဓိက ဘဝပုံရိပ်ဟာ စာနယ်ဇင်းသမား တစ်ယောက်ရဲ့ ဘဝပုံရိပ်' ပဲလို့ ယူဆချင်ပါတယ်။ ဒါပေမဲ့ သူဟာ ၁၉၈၈-၁၉၈၉ အတွင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အဖြစ် (ဆိုလိုတာက နိုင်ငံရေးသမား တစ်ယောက်အဖြစ် သူ စမ်းကြည့်ခဲ့ဟန်တူပါတယ်။ ဖြစ်ရပ်အရ ပြောရရင် 'သူ တကယ် ဘာဖြစ်နိုင်တယ်' ဆိုတာကို 'ဖြစ်ရပ်က တရားပြခဲ့ပြီ' လို့ ဆိုရပါမယ်။ (သူငယ်ချင်း ရေ... သူငယ်ချင်းလိုပဲ ကိုယ့်ကိုယ်ကို Test Run လုပ် ကြည့်တဲ့ သူတွေ အများကြီး ရှိတယ်ဆိုတာ သူငယ်ချင်းလည်း တွေ့မှာပါ။ သူ့ဆောင်းပါးပေါင်းချုပ်မှာ ဖော်ပြထားတဲ့ နိုင်ငံရေး အမြင် သဘောထားများဟာ ယေဘုယျအားဖြင့် ပြောရရင် နိုင်ငံရေးသမားတစ်ယောက်ရဲ့ ပုံရိပ်ထက် စာနယ်ဇင်း သမားတစ်ယောက်ရဲ့ ပုံရိပ်က ပိုပြီး သဲသဲကွဲကွဲ ရှိတယ်လို့ မှတ်ယူချင်ပါတယ်။ သူဟာ ကမ္ဘာပေါ်က သမိုင်းခေတ် အလိုက် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်များရဲ့ အတ္ထုပ္ပတ္တိ (အနည်းဆုံး) ၁ဝ အုပ်နဲ့ တခြား အကြောင်းအရာမျိုးစုံ ပါတဲ့ စာအုပ်ပေါင်း ၅၆ အုပ်အထိ ရေးသားပြုစု ထုတ်ဝေနိုင်ခဲ့သူ ဖြစ်ပါတယ်။ 'ဒေါင်းစာပေ'နဲ့ အတွေးအမြင် မဂ္ဂဇင်းဟာ မောင်ဝံသရဲ့ 'ကိုယ်ပွားတွေ'လို့ မှတ်ယူရမှာပါ။ ၂ဝ၁ဝ မေမှာ ထုတ်ဝေခဲ့တဲ့ သူ့ဆောင်းပါးပေါင်းချုပ်ထဲမှာ 'မောင်ဝံသ' ကို တွေ့ရှိနိုင်တယ်လို့ ယူဆချင်ပါတယ်။ ဒီဆောင်းပါး ပေါင်းချုပ်ထဲမှာ သူ့ရဲ့ ရပ်တည်မှု၊ သူ့ရဲ့ အမြင် သဘောထားနဲ့ သူ စဉ်းစားဖြေရှင်းပုံ နည်းနာများကို တွေ့ရှိနိုင်တာကြောင့် ပါပဲ။

မောင်ဝံသဟာ လွတ်လပ်ရေးခေတ် အတွင်းမှာ ပေါ် ထွက်လာတဲ့ ပညာတတ် မျိုးဆက်တစ်ဆက်ကို ကိုယ်စားပြု ထားသူ တစ်ယောက်ပါ။ အသိပညာရှင်၊ အတတ်ပညာရှင် မျိုးဆက်တစ်ဆက်ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူ့ရပ်တည်မှု၊ အမြင် သဘောထား နည်းနာများဟာ လွတ်လပ်ရေးခေတ် ပညာတတ် မျိုးဆက်များရဲ့ အဇ္ဈတ္တကို ကိုယ်စားပြု ထင်ဟပ် နေမှာသာ ဖြစ်ပါတယ်။ ၁၉ ရာစု အစပိုင်းမှာ စတင်ခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်းမှာ ပညာတတ် များဟာ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်မှုရဲ့ ကျောရိုးအစု အဖြစ် ပါဝင်ခဲ့ကြတာပါ။ ဒီဖြစ်စဉ်ထဲမှာ 'ဗြိတိသျှ အလိုတော်ရိ ပညာတတ်'များနဲ့ 'သူ့ကျွန်မခံချင်တဲ့ ပညာတတ်များ'လည်း ထွက်ပေါ်ခဲ့ကြောင်း တွေ့ရမှာပါ။ ပုဂ္ဂလပဓာန အယူဝါဒ (Individualism) နဲ့ ပရပဓာနအယူဝါဒ (Altruism) များဟာ ပညာတတ် လူမှုအလွှာများအတွင်းမှာ (ဘယ်ခေတ်မျိုးမှာမဆို) လွှမ်းမိုး ကြီးစိုးနေတဲ့ အယူဝါဒ (Ideology) နှစ်မျိုးပါပဲ။ 'ခေါင်းထဲမှာ ဘာအတွေးအခေါ်မှ မရှိတာ လွတ်လပ်တယ်၊ ဦးနှောက်ကို ဗလာထားရမယ် ဆိုတဲ့ (Iedological Bankruptcy) တွေးခေါ်မှု ဒေဝါလီခံရခြင်းဟာ ပညာတတ်များအကြားက တွေးခေါ်မှုမှိုင်း (Ideological Illusion and Hallucination) တစ်မျိုး၊ အမြင်မှောက်မှားမှု တစ်မျိုးသာ ဖြစ်ပါတယ်။ မိမိနဲ့ မိဘနဲ့ သားသမီးလို ရင်းနှီးတဲ့ သခင်ဟောင်းကြီးတစ်ဦးက မိမိကို ခုလို ရယ်ရယ်မောမော ပြောခဲ့ဖူးပါတယ်။ 'အချောင်သမား ဆိုတာ သိပ်ဆန်းဆန်းပြားပြားကြီး မဟုတ်ပါဘူးကွာ'တဲ့။ 'ချောင်တဲ့လမ်းနဲ့ ကျပ်တဲ့လမ်း ကြုံတဲ့အခါ ချောင်တဲ့လမ်း လိုက်တဲ့သူတွေပေါ့ကွ ကောင်လေးရ' တဲ့။ ဖြတ်သန်းရတဲ့ အတွေ့အကြုံများအရ လွတ်လပ်ရေးခေတ်ကြီး တစ်ခုလုံး အတွင်းမှာ မိမိတို့ဟာ 'ချောင်တဲ့လမ်း၊ အထိအရှမရှိတဲ့ လမ်း၊ ငါ့ဖို့ တစ်ခုခုပါတဲ့ လမ်း'ကို အကြောင်းပြချက် အမျိုးမျိုးနဲ့ လိုက်ပါသွားတဲ့ သူတွေကို သမိုင်းကွေ့တိုင်းမှာ တွေ့ခဲ့ရတာချည်း ဖြစ်ပါတယ်။

မိမိ၊ ကိုစိုးသိန်း (မောင်ဝံသ)၊ ကိုရဲထွတ် (ဝင်းထွဋ်ဇော်) တို့ဟာ ၁၉၅၇-၅၈ နဲ့ ၁၉၆၂-၆၃ ခုနှစ် များအတွင်း အမိ ရန်ကုန်တက္ကသိုလ်ကြီးမှာ တွေ့ဆုံ ရင်းနှီး ခင်မင်ခဲ့ကြပြီး အမိတက္ကသိုလ်ကြီးက 'မိမိတို့ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်များ'ကို မိမိတို့ ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြတဲ့ သူတွေပါ။ ကိုယ် ကြိုက်တဲ့လမ်း ကိုယ် ရွေးပြီး လျှောက်လှမ်းခဲ့ကြတာပါ။ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းကလေး ပါလို့ ဆိုစမှတ်ပြုကြတဲ့အတိုင်း ၂ဝဝ၆ ခုနှစ်လောက်မှာ မိမိတို့ဟာ အကြောင်း အားလျော်စွာ စာနယ်ဇင်း မျက်နှာစာ မှာ ပြန်ဆုံစည်းမိ ကြပါတယ်။ မိမိတို့ဟာ နှစ်ပေါင်း ၄ဝ လောက် အဆက်ပြတ် သွားခဲ့ကြတာပါ။ ပြန်ဆုံမိတဲ့ အခါမှာ လည်း 'အမော ဖြေလို့ မရကြသေးပါဘူး'။ သူတို့ တစ်တွေက စာနယ်ဇင်း နယ်ပယ်မှာ အခြေကျနေကြပါပြီ။ 'ဝါရင့် ကလောင်တွေ' ဖြစ်နေကြပါပြီ။ 'အမျိုးသားစာပေဆုရှင် တွေ'တောင် ဖြစ်နေကြပါပြီ။ မောင်ဝံသရဲ့ 'ဒုတိယအတွေး' နဲ့ ဆရာဝင်းထွဋ်ဇော်ရဲ့ 'အရေပြားပေါ်မှာ ရေးတဲ့ သမိုင်း' စာအုပ်တွေကို မိမိဟာ ဟိုး နယ်စွန် နယ်ဖျားက 'မဲဇာ'မှာ ခက်ခက်ခဲခဲ ဖတ်ရတာပါ။ 'စာငတ်'လွန်းတော့ သူတို့စာအုပ် တွေကို အကြိမ်ကြိမ် ဖတ်ရှုခဲ့ရပါတယ်။ 'ဒုတိယအတွေး'က ကျင့်ဝတ်နီတိဆန်ပါတယ်။ အရေပြားက သမိုင်းရုပ်ဝါဒ သဘောဆန်ပါတယ်။ အဲဒီစဉ်ကတည်းက သူတို့လို တောင် တောင်အီအီ ရေးရရင် ကောင်းမှာပဲလို့ အားကျတွေး တွေးမိ ခဲ့ပါတယ်။ ၂ဝဝ၆ ထဲလောက် ကျတော့မှပဲ မိမိလည်း တောင်တောင်အီအီလေးတွေ စရေးဖြစ် လာတာပါ။ သူတို့ နှစ်ယောက်နဲ့အတူ စာနယ်ဇင်း အသိုင်းအဝိုင်းက အရွယ် သုံးပါးလုံးနဲ့ သိကျွမ်းခွင့်ရလာခဲ့ပါတယ်။ သူတို့နှစ်ယောက် နဲ့ အကြောင်းအားလျော်စွာ ဟိုနား ဒီနားမှာ ခဏတစ်ဖြုတ် တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ တစ်ခါမှတော့ ကျယ်ကျယ်ဝန်းဝန်း နောက်ရေး ရှေ့ရေး ဆွေးနွေးမိကြတာမျိုးတွေ မရှိသေးခဲ့ပါ ဘူး။ 'ရှာမှရှားတဲ့ နိုင်ငံရေးသမား' ဆောင်းပါးများမှာတော့ မောင်ဝံသက သူ့ပြည်တွင်းနဲ့ နိုင်ငံတကာ နိုင်ငံရေးပြဿနာ များနဲ့ ပတ်သက်တဲ့ သဘောထား အမြင်များ၊ အယူအဆများ ကို တင်ပြထားတယ်'လို့ မှတ်ယူချင်ပါတယ်။ 'စာပေဝေဖန် ရေးအပေါ်မှာ ထားရှိတဲ့ သူ့သဘောထား အမြင်များကိုလည်း ခုလို ဖော်ပြခဲ့တာ တွေ့ရှိရပါတယ်။ 'စာအုပ်စာပေ ဆိုတာ ပုံနှိပ်ထုတ်ဝေလိုက်ပြီ ဆိုကတည်းက အများပြည်သူနဲ့ ဆိုင် သွားပြီ၊ ကြိုက်ရင် ချီးကျူး၊ မကြိုက်ရင် ရှုတ်ချ၊ ဝေဖန်ခွင့် မပြုဘူးလို့ တားဆီးလို့မှ မရတာ။ အဝေဖန် မခံနိုင်ရင် ပုံမနှိပ်နဲ့၊ အိမ်မှာပဲ သိမ်းထားပေါ့'။ (အရေမထူနိုင်တဲ့ ကျွန်တော်၊ စာ -၄၁၇၊ ရှာမှရှားတဲ့ နိုင်ငံရေးသမား)

မောင်ဝံသရဲ့ ဝေဖန်ရေး အပေါ် ထားရှိတဲ့ သူ့အမြင် သဘောထား အကြောင်းများကို ရေးရင်း 'အေး မင်းကိုယ် မင်းလည်း များများဝေဖန်၊ တခြားသူတွေကိုလည်း များများ ဝေဖန်၊ ငါ့ကိုတော့ ဝေဖန်မယ် မကြံနဲ့၊ ပါးကိုကြွပ်ကြွပ်ကျိုး အောင် ရိုက်မယ်'ဆိုတဲ့ ဝေဖန်ရေး သရော်စာလေးကို သတိ သွားရမိပါတယ်။ ဒီသရော်စာလေးဟာ အငြိမ့်လူရွှင်တော်ကြီး များရဲ့ ဟာသဖန်တီးမှုကနေ ထွက်ပေါ်လာခဲ့တာပါ။

ဆရာ မောင်ဝံသရဲ့ ဆောင်းပါး ပေါင်းချုပ်ထဲက တစ်ခုချင်းနဲ့ သီးခြား သဘောလက္ခဏာ particularity ဆောင်တဲ့ အမြင်အယူများနဲ့ ပတ်သက်လို့တော့ ဘာမှ မပြော လိုတော့ပါဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းများအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတဲ့ ပြဿနာမျိုးကတော့ ဆွေးနွေးပြောဆိုသင့်တဲ့ ပြဿနာမျိုးပါ။ (အပိုင်း ၈ နိုင်ငံတကာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး အတွေ့အကြုံများ)။ ဒီပြဿနာမျိုးက အများနဲ့ဆိုင်တဲ့ Universality ဘုံပြဿနာ ဖြစ်ပါတယ်။ နောက် ပြဿနာတစ်ခု ကတော့ မြန်မာ့နိုင်ငံရေးရဲ့ ကာလ သုံးပါးနဲ့ဆိုင်တဲ့ ပြဿနာ များပါ။ ဆောင်းပါးပေါင်းချုပ် အပိုင်း (၂) မြန်မာနိုင်ငံရေး အတွေးအမြင်မှ ဆောင်းပါးအမှတ် (၄) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှားခဲ့သလား။ အပိုင်း (၃) မြန်မာ့နိုင်ငံရေး မြင်ကွင်းမှ ဆောင်းပါးအမှတ် (၈) အတိုက်အခံပမညတကို ပြန်လည်တူးဆွကြည့်ခြင်း၊ (၉) ပမညတကသာ ကြားနေခဲ့သော်၊ (၁ဝ) ၈၈ နှစ် အဘထံမှ ပေးစာ။ အပိုင်း (၉) ရောင်စုံအတွေး အမြင်မှ ဆောင်းပါး (၈) သခင်တင်မြကို အကြောင်းပြု၍... စတဲ့ ဆရာ မောင်ဝံသရဲ့ ဆောင်းပါးများမှာ ပါတဲ့ ဖော်ထုတ် ချက်များဟာ မြန်မာ့ လွတ်လပ်ရေး သမိုင်းခေတ် နိုင်ငံရေး ပြဿနာများ ဖြစ်တာကြောင့် မလွှဲမရှောင်သာ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး ပြောဆိုကြပြီး 'ဖြစ်ရပ်မှ တရားရှာ'တဲ့ ဦးတည်ချက်မျိုး ထားရှိဖို့ လိုအပ်ပါတယ်။

မြန်မာ့သမိုင်းနဲ့ ဆိုင်တဲ့ ပြဿနာ များကို ခြေရာကောက် တဲ့အခါ၊ ဆန်းစစ်တဲ့ အခါ၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၁၂၁ နှစ်တိုင်တိုင် ဗြိတိသျှ ကျွန်ဘဝ ကျရောက်ခဲ့ ရတယ် ဆိုတဲ့ သမိုင်းနောက်ခံကို မျက်ခြည်မပြတ်ဖို့ လိုအပ် ပါတယ်။ ဗြိတိသျှ ကိုလိုနီဘဝ ကျရောက်ခဲ့ရခြင်းဟာ မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှုကို အကွေ့အကောက်တွေ ဖြစ်စေတဲ့ အခြေခံအကြောင်းတရားတစ်ခု ဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ ဖြစ်ထွန်း တိုးတက် လာတဲ့ ဒေသဆိုင်ရာ အရှင်းရှင် စနစ်နဲ့ ဒေသဆိုင်ရာ အရင်းရှင် လူတန်းစား ဆိုတာဟာ ဗြိတိသျှ နယ်ချဲ့စနစ်၊ ကိုလိုနီစနစ် က ပုံသွင်းပေး (mould) တဲ့အတိုင်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဗြိတိသျှ ကိုလိုနီပညာရေးစနစ်က မြေတောင် မြှောက်ပေးတဲ့အတိုင်း ဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ခေတ်ဦးက 'ပွဲစားကြီး များ' ဆိုတာဟာ ဒေသဆိုင်ရာ အရင်းရှင် လူတန်းစားရဲ့ 'ရှေ့ပြေး'လူမှုအစုများ ဖြစ်ပါတယ်။ မြန်မာတို့ဟာ ဂျပန်နဲ့ ပေါင်း၊ အင်္ဂလိပ်ကိုတိုက်၊ အင်္ဂလိပ်နဲ့ ပေါင်း ဂျပန်ကို ပြန်တိုက်။ စစ်ပြီးတော့ ဗြိတိသျှတို့နဲ့ ပြန်စေ့စပ်ချုပ်ဆိုရတဲ့ စာချုပ်ကြီး ၅ ခုနဲ့ လွတ်လပ်ရေး ရယူခဲ့ရတာပါ။ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးခေတ် လူ့အဖွဲ့အစည်းဟာ ဗြိတိသျှစီးပွားရေး နိုင်ငံရေးဘဝများ နဲ့ ရောထွေးယှက်တင် ဖြစ်ခဲ့ရတာပါ။ ဒါ ပထမအချက်ပါ။ ဒုတိယအချက်က လွတ်လပ်ရေးခေတ် မြန်မာ့သမိုင်းဟာ အထွေထွေလက်နက်ကိုင် ပဋိပက္ခများကို တွေ့ကြုံ ဖြတ်သန်းခဲ့ရတာ ကနေ့အထိပါပဲ။ တတိယအချက် က နှစ် ၆ဝ ကျော် မြန်မာ့သမိုင်းဟာ ပါတီစုံစနစ်နဲ့ အာဏာ ပိုင်စနစ်၊ တစ်ပါတီ စနစ်ကို ဘတစ်ပြန် ကျားတစ်ပြန် ရုန်းကန် ခဲ့ရတဲ့ သမိုင်းပဲ ဖြစ်ပါတယ်။ စတုတ္ထအချက်က မြန်မာ့ လူ့အဖွဲ့အစည်းဟာ ဆိုရှယ်လစ်စနစ်နဲ့ အရင်းရှင်စနစ် လမ်း နှစ်သွယ်အကြား တစ်လျှောက်လုံး အားပြိုင်ခဲ့ရပါတယ်။ ပဉ္စမအချက်က တစ်မျိုးသားလုံး (မျိုးနွယ်စုများအားလုံး) ဥမကွဲ သိုက်မပျက် တစည်းတလုံးတည်း နေရေးဆိုတဲ့ ရှော်ဗင်ဝါဒ (Chruvinism) နဲ့ လူတစ်မျိုး တစ်နိုင်ငံဝါဒ (Trivalnationalism) တို့အကြား တစ်လျှောက်လုံး ရုန်းကန် ခဲ့ရပါတယ်။ ဒါဟာ ခေတ်သစ် မြန်မာနိုင်ငံသမိုင်းရဲ့ သေသေ ချာချာ ကြည့်မှ မြင်နိုင်တဲ့ သမိုင်းဆိုင်ရာ ဗီဇမျိုးစေ့တွေ (inherent roots) ဖြစ်ပါတယ်။ ခေတ်တစ်ခေတ် ကွေ့ တစ်ကွေ့မှာ တွေ့ရတဲ့ သမိုင်းဆိုင်ရာ ဖော်ပြချက်များ ဆိုတာဟာ ဒီဗီဇမျိုးစေ့ တစ်ခုခုရဲ့ အသီးအပွင့် အခက်အလက် များသာ ဖြစ်ပါတယ်။

၁၉၅၆ ခု ရွေးကောက်ပွဲတွင် ဝိဓူရသခင်ချစ်မောင် ခေါင်းဆောင်တဲ့ ပမညတက ကိုယ်စားလှယ် ၄၆ နေရာ ရရှိခဲ့ပြီး လွှတ်တော်တွင် အဓိကအတိုက်အခံ အင်အားစု ဖြစ်လာခြင်း၊ ၁၉၅၈ ဇွန်လမှာ အာဏာရ ဖဆပလအဖွဲ့ချုပ် (သန့်ရှင်း၊ တည်မြဲ) အဖြစ် ဂိုဏ်းကွဲသွားခြင်း၊ ပမညတ ထောက်ခံမှုနဲ့ သန့်ရှင်း ဖဆပလအစိုးရ ဖွဲ့ခြင်း၊ ဝန်ကြီးချုပ် သခင်နုနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ရဲ့ ပေးစာ ၂ စောင်ဖြင့် အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ပုဒ် ၁၁၆ ကို ပြင်ဆင်ပြီး အိမ်စောင့်အစိုးရ (ဗိုလ်ချုပ်ကြီးနေဝင်း)အား ဒုတိယသက်တမ်း အာဏာတိုး ပေးခြင်း၊ အခြေခံဥပဒေပုဒ်မ ၁၁၆ ပြင်ဆင်ခြင်းကို ပမညတ က ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်း၊ (သခင် ချစ်မောင်ကို ဝိဓူရ အမတ်ကြီးထုံး နှလုံးမူ၍ လျှောက်လဲချေပသဖြင့် ဝိဓူရ ဘွဲ့အမည် ပေးခြင်း)၊ ပုဒ်မ ၁၁၆ ကို မပြင်ဘဲ သန့်ရှင်း၊ တည်မြဲ၊ ပမညတ ပူးတွဲ၍ ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် အကြံ  ပေးခြင်း၊ (ပုဒ်မ ၁၁၆ ကို ပြင်တဲ့နေ့ဟာ ဗမာပြည်မှာ 'ပါလီမန် ဒီမိုကရေစီ' ကွယ်လွန်တဲ့နေ့ (ပါတီစုံဒီမိုကရေစီ  ဖျက်သိမ်းခံရတဲ့ နေ့ပဲ)လို့ သခင်ချစ်မောင်က ပါလီမန်အတွင်း မှာ ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပါတယ်။ ပမညတ ထောက်ခံမဲကြောင့် သန့်ရှင်း ဖဆပလအစိုးရကို (အာဏာပိုင် ဝါဒ (Authoritarianism) ကျင့်သုံး လိုသူများက အာဏာ သိမ်းခဲ့တာ ဖြစ်တယ်လို့ ယူဆမယ်ဆိုရင် ပမညတ အတိုက်အခံ တစ်ယောက်မှ မရှိတော့တဲ့ ပထစ အမတ်များ ကိုယ်စားပြု ထားတဲ့ 'ပြည်ထောင်စုပါတီ အစိုးရကို အာဏာပိုင်ဝါဒ ကျင့်သုံးလိုသူများက ဘာကြောင့် ၁၉၆၂ မတ်လ အာဏာ သိမ်းပွဲ ဆင်နွှဲခဲ့ကြတာပါလဲ။ ပထမ စစ်အစိုးရ လက်ထက် မှာ ဗကပအဖွဲ့ဝင်တချို့၊ ပြည်သူ့ရဲဘော်ပါတီ၊ မွန်ပြည်သစ် ပါတီနဲ့ ကေအင်န်ယူတချို့ အပါအဝင် သူပုန် ၁ဝဝဝဝ လောက် လက်နက်ချပြီးပါပြီ။ ပြည်တွင်း ဆူပူသောင်းကျန်းမှု ဒီရေ ကျနေလို့ ၁၉၆ဝ ဖေဖော်ဝါရီ ၆ ရွေးကောက်ပွဲတောင် ကျင်းပပေးခဲ့ပြီးပါပြီ။ သူပုန်အန္တရာယ်ဆိုတာကြောင့် အာဏာ သိမ်းတာ မဟုတ်တာ သေချာပါတယ်။ အာဏာသိမ်းသူများ က ၁၉၆၂ ထဲမှာ 'မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်'ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဇူလိုင်လဆန်းထဲမှာ 'မဆလပါတီ'ကို ထူထောင်ခဲ့ပါတယ်။ 'အညမညသဘောတရား'ဆိုတာကို ထုတ်ပြန်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ လူငယ် စတဲ့ လူထု လူတန်းစား အဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ ပါတယ်။ အမေရိကန်က ကွန်မြူနစ် ဆန့်ကျင်ရေးအတွက် မြန်မာနဲ့ ဆက်ဆံ ခဲ့တာ။ တရုတ်က 'မူ ငါးချက်' ကြောင့် မြန်မာနဲ့ ဆက်ဆံခဲ့တာပါ။ ဆိုဗီယက်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကြောင့် ဆက်ဆံခဲ့တာပါ။ (ပမညတ၊ မလညပ) အတိုက် အခံများကလည်း 'မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်'ကို 'ဘုံ လုပ်ငန်းစဉ်'အဖြစ် သဘောထားပြီး ဆက်ဆံခဲ့ကြတာပါ။ ဒီလိုနဲ့ မဆလ အစိုးရဟာ ၁၉၆၂-၁၉၈၈ အထိ ၂၆ နှစ်တိုင်တိုင် မြန်မာနိုင်ငံကို တစ်ပါတီ စနစ်၊ အာဏာပိုင်စနစ် တို့နဲ့ အုပ်ချုပ်သွားခဲ့ပါတယ်။

၁၉၈၈ သြဂုတ်လ အတွင်းမှာ မြန်မာ့ ဆိုရှယ်လမ်းစဉ် ပါတီ ပြိုကွဲ ချုပ်ငြိမ်း သွားပါတယ်။ ဒါဖြင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ ဘာများ မှားခဲ့ပါသလဲ။ (မဆလ ပါတီ) ရဲ့ ဗဟိုနိုင်ငံရေး တက္ကသိုလ်ရဲ့ နည်းပြချုပ်၊ မဆလပါတီရဲ့ လမ်းညွှန် သဘောတရား ဖြစ်တဲ့ 'လူနဲ့ ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား'ကို ဖော်စပ်ရာမှာ ပါဝင်ခဲ့သူ (ကိုကိုမောင် အမည်ခံ ဦးချစ်လှိုင်က ၁၉၆၂-၈၈ ခုနှစ်အတွင်း ဆိုရှယ်လစ်စနစ် ထူထောင် အောင်မြင်မှု မရရှိခဲ့ခြင်း၏ အခြေခံအကြောင်းမှာ 'မြန်မာ နိုင်ငံ၏ အထွေထွေ ခေတ် နောက်ကျမှုကြီး'ဟူသော သမိုင်း ဘဝကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်ရန် အချိန် မရောက်ခဲ့သေးသည်မှာ အမှန်ဖြစ်သည်လို့ ယူဆပါ တယ် တဲ့။ (ရှာမှရှားတဲ့ နိုင်ငံရေးသမား၊ စာ-၇၅)

ဒီပြဿနာမှာ မောင်ဝံသက 'အကြောင်းရင်းဟာ ခေါင်းဆောင်မှု ပြဿနာ ကြောင့်သာ ဖြစ်တယ်'လို့ ယူဆ ပါတယ်တဲ့။ (အထက်ပါစာအုပ်၊ စာ-၇၄၊ ၇၅) ဆရာ ခင်ဗျား... တကယ်လို့များ မဆလပါတီ ခေါင်းဆောင်မှုကသာ နည်းမှန် လမ်းမှန် ခေါင်းဆောင်မှုသာ ပေးခဲ့ရင် 'မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ဟာ အောင်မြင်မယ်'လို့များ ယူဆချင် ပါသလား။

တကယ်က 'မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်' ဆိုတာ ဟာ စကတည်းက ဆိုရှယ်လစ်စနစ် (လုံးဝမဟုတ်ဘဲ) 'အစိုးရ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်' (State Monopoly Capitalism) သာ ဖြစ်ပါတယ်လို့ပဲ ယူဆသူတွေ ရှိကြပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဥစ္စာဓန ရှိရှိသမျှဟာ Cronyism and Nepotism လမ်းကြောင်းများကတစ်ဆင့် အာဏာရှိတဲ့ လူမှုအစုများထံ (အနည်ထိုင်သလို) စုပုံပြီးရင်း စုပုံလာကာ နောက်ဆုံးတော့ မြန်မာ့ လူ့အဖွဲ့အစည်းဟာ LDC နိုင်ငံဘဝ ကျရောက်ခဲ့ရတယ် မဟုတ်ပါလား။ လူမှု စနစ်ရဲ့ အစွန်းတစ်ဖက်မှာ တိုင်းပြည်နဲ့ လူထုက ဆင်းရဲတွင်း တဖြည်းဖြည်း နက်လာပြီး အခြားတစ်ဖက်စွန်းက လက် တစ်ဆုပ်စာသာ ရှိတဲ့ လူမှုအစု ကလေးကတော့ ကျိကျိတက် ကြွယ်ဝ ချမ်းသာလာခဲ့ကြပါတယ်။ ဒါကို 'မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်'လို့ ယူမှတ်ခဲ့ရင် 'မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ဟာ အောင်မြင်တယ်၊ ရည်မှန်းချက် ပေါက်မြောက်တယ်'လို့  မှတ်ယူရမယ် မဟုတ်ပါလား။

၁၉၆ဝ ခုနှစ်များအတွင်းက မြန်မာ့ အတိုက်အခံများ ဟာ အထူးသဖြင့် ဥပဒေတွင်း မာ့က်စ် ဝါဒီများဟာ 'မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်' ဆိုတဲ့ 'ငါးစာလေး'အပေါ် 'တဏှာ' လွန်ခဲ့ကြတာကြောင့် ဒီ 'ငါးစာလေးနောက်က အချောင်ဝါဒ ငါးမျှားချိတ်မှာ အမိခံကြရပြီး အတိုက်အခံ နိုင်ငံရေး ဘဝကို သမိုင်းစင်မြင့်ပေါ်က အဖယ်ရှား ခံခဲ့ကြရ တာဟာ ဒီကနေ့ အထိပါပဲ။ နာကြည်း နောင်ကြဉ်ဖွယ် ကောင်းလှတဲ့ သမိုင်း သင်ခန်းစာ တစ်မျိုးပါပဲ။ လူတွေက မရှိကြ တော့ပေမယ့် 'သမိုင်းသင်ခန်းစာ'တွေတော့ လတ်ဆတ်နေကြဆဲ ပါပဲ။

အောင်ငြိမ်း

0 comments:

Post a Comment