TOP

တောသား သမ္မတကြီး


- မင်းရဲကောင်းပုံ--12.9.2011 ။-


၂၀၁၀ ရွေးကောက်ပွဲအရပေါ်ပေါက်လာတဲ့ လွှတ်တော်မှ ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတကြီးရဲ့ ကိုယ်ရေးအချက်အလက်ကို ဖော်ပြဖတ်ကြားခဲ့စဉ်က ဧရာဝတီတိုင်း ကျုံကူးရွာလို့ ယေဘူယျသဘောသာ ဖတ်ကြားသွားတာကို သတိပြုမိလိုက်ပါတယ်။
သတင်းထောက်တစ်ဦးက သမ္မတကြီးရဲ့ မိသားစုစာရင်းနဲ့ ပညာရေးအခြေ မေးမြန်းတာကိုတော့ ဖြေဆိုခြင်းမရှိဘူးလို့သိတယ်ခင်ဗျ။
၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအပြီးကာလတွေတစ်လျှာက်လုံး သမ္မတ အိုဘားမားရဲ့ မျိုးရိုးဇာတိအပါအ၀င် ဘ၀ဇာတ်လမ်းစုံကို ကမ္ဘာနဲ့အ၀ှမ်းဖြန့်ကျက်နေတဲ့ မီဒီယာပေါင်းစုံမှာ တခမ်းတနားဖော်ပြခဲ့တာကို ကမ္ဘာ့ပြည်သူတွေ လေ့လာသိရှိခွင့်ရခဲ့ပါတယ်။

ခေါင်းဆောင်တစ်ဦးနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အများပြည်သူတွေသိခွင့်ရအောင် ဖော်ထုတ်တင်ပြခြင်းဟာ ရိုးသား ပွင့်လင်းမှုပြယုဂ်ဖြစ်သလို ဂုဏ်ယူစရာ နှစ်သက်လိုလားဖွယ်ရာ ကိစ္စတစ်ရပ်အဖြစ် ယနေ့ကမ္ဘာမှာရှုမြင် ထားကြ ပါတယ်။
ဒါ့အပြင် ခေါင်းဆောင်နဲ့ပြည်သူလူထုအကြား အပြန်အလှန်ရင်းနှီးမှုနဲ့ ယုံကြည်ကိုးစားမှုကို ပြသရာလည်း ရောက်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုယဉ်ကျေးမှု မထွန်းကားသေးတာ ဘာကြောင့်လဲလို့ အတွေးနယ် ချဲ့ကြည့်ချင်စရာပါ။
ကျွန်တော်ဟာ သမ္မတကြီးနဲ့ဆွေနီးမျိုးစပ် တော်စပ်သူမဟုတ်တဲ့အပြင် အရပ်ဒေသချင်းလည်း အလွန်ဝေးကွာ လှပါတယ်။
သို့သော် သူငယ်ချင်းတစ်ဦးထံမှ ကြားသိခဲ့ဖူးတဲ့ သမ္မတကြီးရဲ့ငယ်ဘ၀ဖြတ်သန်းမှု တစွန်းတစ လေးကိုတော့ မသိသေးသူတွေ သိခွင့်ရအောင်ပြောပြလိုက်ချင်ပါတယ်။ (ရွှေမျိုးစပ်ခြင်းမဟုတ်ပါ)
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ မွေးဖွားရာဇာတိ ကျုံကူးရွာဆိုတာက ပင်လယ်ဝနဲ့မနီးမဝေး ပုသိမ်မြစ်ကမ်း နံဘေးမှာတည်ရှိနေတဲ့ ရွာလေးတစ်ရွာပါ။
ငပုတောကနေ ဟိုင်းကြီးကျွန်း၊မော်တင်စွန်းဖက်ကို သင်္ဘောစီးသွား တဲ့အခါ ရဲခေါင်ကြီး၊ရေကျော်၊ကျုံကူး၊ကမ္မလာ၊မြို့သစ်..စတဲ့ကျေးရွာတွေကို ကျော်ဖြတ်သွားရပါတယ်။
တစ်ရွာနဲ့ တစ်ရွာအလှမ်းဝေးပါတယ်။ လမ်းပမ်းဆက်သွယ်ရေးကတော့ ရေလမ်းအဓိကပါပဲ။
ကျုံကူးရွာမှာရဲစခန်း တစ်ခု ရှိပါတယ်။
ဦးသိန်းစိန် ငယ်ငယ်တုန်းက သူတို့ရွာမှာ မူလတန်းကျောင်းပဲရှိတယ်တဲ့။
ဒါကြောင့်မူလတန်းအောင်ပြီးတဲ့အခါ ပညာဆက်လက်သင်ကြားနိုင်ဖို့ မိဘတွေကသူ့ကို ဟိုင်းကြီးကျွန်း တစ်ဖက်ကမ်းမှာရှိတဲ့ ချောင်းဝရွာကို ပို့ပေးလိုက်ပါတယ်။
ချောင်းဝရွာမှာက အလယ်တန်းကျောင်းရှိတယ်။ (ခုတော့ အထက်တန်းကျောင်းပါရှိနေပြီ။)
အဲဒီတုန်းက ရွာခံတွေဖြစ်တဲ့ ဦးလွင်စိန်(ပတ်ကား) နဲ့ ဦးဖြူတောင် တို့ဟာ ဦးသိန်းစိန်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။
အတူနေ၊အတူစား၊အတူကစားဖက်တွေဖြစ်ပါတယ်။ သူတို့ထဲမှာ ဦးလွင်စိန်ရဲ့ မိဘတွေကနည်းနည်းသောင်သာတော့ ဦးသိန်းစိန်အတွက် မှီခိုစားသောက်ရာ ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။
သူငယ်ချင်းတွေထဲမှာ ဦးသိန်းစိန်နဲ့ ဦးဖြူတောင်တို့က လူအေးတွေဖြစ်ပြီး ဦးလွင်စိန် ကတော့ လူရည်လည်သလို နည်းနည်းစိတ်ဆတ်တယ်လို့ ပြောကြတယ်။
(ခေတ်သစ် သူငယ်ချင်း၃ဦး ဇာတ်လမ်းလို့ မှတ်ယူချင်လည်း ရပါတယ်)
အလယ်တန်းအောင်ပြီးတဲ့အခါ ဦးလွင်စိန်နဲ့ ဦးသိန်းစိန်တို့နှစ်ဦးသာ ပုသိမ်မြို့အထက်တန်းကျောင်းမှာ ပညာဆက်သင်ကြပြီး ဦးဖြူတောင်က ရွာမှာပဲကျန်ခဲ့တယ်။
ပုသိမ်ကျောင်းမှာ ၉ တန်းစာမေးပွဲဖြေပြီးတော့ ဦးသိန်းစိန် စာမေးပွဲအောင်ပြီး DSA အပတ်စဉ်(၉)တက်ရောက်သွားတယ်။
ဦးလွင်စိန်ကတော့ စာမေးပွဲ ရှုံးတာမို့ ရွာကိုပြန်လာပြီး သမ၀ါယမမှာ စာရေးဝင်လုပ်တယ်တဲ့။
အဲဒီကတည်းက သူတို့သူငယ်ချင်းတွေ ကွဲကွာသွားကြတာ တစ်ယောက်သတင်း တစ်ယောက်ကြားသိတယ် ဆိုရုံလောက်ကလွဲပြီး လူချင်းပြန်မတွေ့ဖြစ်ကြတော့။
ဦးလွင်စိန်ရဲ့သားအကြီးဆုံးဟာ ဗိုလ်တထောင် လုပ်သား ကောလိပ်က BSC(Zoology) ရပြီး ရေတပ်မှာဝင်ရောက်အမှုထမ်းတယ်။
နောက်တစ်ယောက် အငယ်ဆုံးသား လေးက ရဲတပ်ဖွဲ့မှာ အမှုထမ်းတယ်။
သူ့သားကြီး ဗိုလ်သင်တန်းဖြေမယ်ဆိုကာမှ ဦးလွင်စိန်က သူ့အချစ်ဆုံး ငယ်သူငယ်ချင်းကို သတိရတမ်းတလိုက်မိတယ်။“ခုနေ သိန်းစိန်နဲ့သာ အဆက်အသွယ်ရရင် အဆင်ပြေမှာ”တဲ့။ ပြောလို့သာပြောရ သူ့မှာသိပ်ပြီးအားမရှိလှပါဘူး။
ဘယ်လိုဆက်သွယ်ရမှန်းမှ မသိတာ။ ဒါပေမဲ့ မအေလုပ်သူက သဘာမတူတာကြောင့် သူ့သားလည်း ဗိုလ်သင်တန်း မလျှောက်ဖြစ်ပါ။
နောက်များ မကြာမီမှာပဲ ဦးလွင်စိန်လေဖြတ်သွားတော့တယ်။ ဦးလွင်စိန် အိပ်ယာထဲ လဲနေတုန်းမှာ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သူရရွှေမန်း(ယခု အမျိုးသားလွှတ်တော်ဥက္ကဌကြီး) ချောင်းဝရွာကို ရောက် လာတယ်။
ဦးလွင်စိန်နဲ့ ဦးဖြူတောင်ကို တွေ့ချင်တယ်တဲ့။
ဦးဖြူတောင် တစ်ယောက်သာ တိုင်းမှူးကို လက်ခံ တွေ့နိုင်ပါတော့တယ်။
ဗိုလ်ချုပ်သူရရွှေမန်းက ဦးဖြူတောင်ရှေ့မှာပဲ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန်ရဲ့ အမှာစကားကိုပြောပြတယ်။
ပြီးတော့ ချောင်းဝရွာ အထက်တန်းကျောင်းဆောင်သစ်တိုးချဲ့ ဆောက်လုပ်ဖို့စီစဉ်ပေးသွားတယ်လို့သိရပါတယ်။


ဦးသိန်းစိန်ကိုယ်တိုင်ကတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာပြီး ၂၀၀၈ နာဂစ်မုန်တိုင်းကျရောက်ချိန်မှာမှ မွေးရပ် ဇာတိမြေကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပြန်ရောက်ဖြစ်တော့တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့အတွေးထဲမှာတော့ အမေရိကန်သမ္မတကြီးတစ်ဦးနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ယောက် သုံးနှုန်းပြောဆိုခဲ့တဲ့ “ထွန်တုံးမှထိပ်ဆုံးသို့” စကားဥပမာလေး နဲ့ဆက်စပ်စဉ်းစားမိပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၁၆ ဆက်မြောက်သမ္မတကြီး အေဗရာဟမ်လင်ကွန်းဟာ ကျေးတောရွာဇနပုဒ်က ဆင်းရဲလယ်သမားမိသားစုမှာ မွေးဖွားလာပြီး နိုင်ငံရဲ့အထွဋ်အထိပ်သမ္မတရာထူးကို တက်လှမ်းဆွတ်ယူနိုင်ခဲ့သူ မဟုတ်ပါလား။
ကျွန်တော်တို့သမ္မတကြီးလည်း အလားတူခြေရာနင်းသူ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်လေတော့ တောင်သူလယ်သမား တွေအတွက် ကြည့်တတ်မြင်တတ်မယ်ဆိုရင် ဂုဏ်ယူစရာ မင်္ဂလာ သတင်းကောင်းကြီး ပေါ့ခင်ဗျာ…။

(အကောင်းမြင်သဘောထားလေးနဲ့ ယှဉ်ကြည့်မိတာပါ) ဒီတော့ကာ…သမ္မတကြီးတစ်ယောက် တောင်သူလယ်သမားတွေ ကောင်းကျိုးကို များများသယ်ပိုးရွက်ဆောင် နိုင်ပါစေလို့ အကြိမ်ကြိမ်ဆုတောင်းပေးနေမိပါတယ်။



စပါးဝါ၀င်း ရွှေအဆင်းလှချိန်

တိမ်စင်မိုးသား (ငြိမ်းချမ်းခြင်း) အလှတရားနဲ့

(ထာဝရ)၀င့်ကြွားနိုင်ပါစေ တို့မြန်မာပြည်…။



အားလုံးကိုလေးစားလျက် ...



မင်းရဲကောင်းပုံ



.12.9-2011

0 comments:

Post a Comment